Friday, October 12, 2012

    လူ၊သတ္တ၀ါတို့ ဘယ်ကစ,ပါသလဲ?
    ဖန်ဆင်းရှင်အယူဝါဒအရ ဖန်ဆင်းရှင်(ကောင်းကင်ဘုံ)ကဖန်ဆင်းသည်။
ကောင်းကင်ဘုံမှာပင် ဆုံးသည်။ ဤသည်မှာ အတုံးအခဲ၊အသွင်ပုံသဏ္ဍာန်၊ရှိသော
သမ္မုတိပညတ်သဘောဆောင်သည့်အရာတို့၏ အစနှင့်အဆုံး ပုံစံဖြစ်၏ ။ အလျားလိုက်
ရှာ၍ရနိုင်သော သံကြိုးကွင်းဆက်၏အစ နှင့်အဆုံးပုံစံမျိုးဖြစ်၏။
    ဗုဒ္ဓ၏တရားတော်အရဆိုလျှင် လူ၊သတ္တ၀ါတို့၏ အစနှင့်အဆုံးကို အလျား
လိုက်သံကွင်းဆက်ကြိုး၏အစနှင့်အဆုံးကဲ့သို့ ရှာ၍မရနိုင်။ အကြောင်းမှာ လူ၊သတ္တ၀ါတို့
သည် အသွင်ပုံသဏ္ဍာန် မရှိသော ပရမတ်သဘောဆောင်သည့် ရုပ်၊နာမ် တရားများ၏
ဖြစ်စဉ် ဖြစ်သောကြောင့်ပင်။ အသွင်ပုံသဏ္ဍာန်ရှိသော ပညတ်သဘောဆောင်သည့်အရာ
များ၌သာ အလျားလိုက်သံကြိုးကွင်းဆက်၏အစနှင့်အဆုံးရှာသလို ရှာ၍ရနိုင်၏။
Linear Dimension ဖြစ်၏။
    ပရမတ်သဘောဆောင်သည့် ရုပ်၊နာမ် တရားများ၏ ဖြစ်စဉ်မှာကား Linear
Dimension မဟုတ်ပေ။ အစ အဆုံးမထင်ရှားသည့် Circular Dimension သာဖြစ်၏။
သို့ဖြစ်၍ ပရမတ်သဘော ပဋိစ္စသမုပ္ပါဒ်ဖြစ်စဉ်(Process Of Dependent Origination)
သည် Circular Dimension သဘောဆောင်ခြင်းဖြစ်သည်။
    ဤနေရာ၌ အစဆိုသည်မှာ အစပြုသောနေရာဌာနကိုမဆိုလိုပါ။ စတင်ဖြစ်
ပေါ်လာအောင် စတင်အကြောင်းပြုပေးသော အကြောင်းတရားကိုသာဆိုလိုသည်။ဖန်
ဆင်းရှင်အယူဝါဒ (Creatorism)အရဆိုပါက ဖန်းဆင်းရှင်က လူ၊သတ္တ၀ါ အပါအ၀င်
သက်ရှိ သက်မဲ့ဟူသမျှကို စတင်ဖြစ်ပေါ်လာအောင်အကြောင်းပြုပေးသူဖြစ်သောကြောင့်
ဖန်ဆင်းရှင်သည် အစဖြစ်၏။ အဆုံးလည်းဖန်ဆင်းရှင်ပင်ဖြစ်၏။ ဗုဒ္ဓ၏၀ါဒအရဆိုလျှင်
လူ၊သတ္တ၀ါ အပါအ၀င် သက်ရှိ သက်မဲ့ဟူသမျှကို ဗုဒ္ဓကလည်း စတင်ဖန်ဆင်းသည်မ
ဟုတ်၊မည်သူကမျှ ဖန်ဆင်းသည်မဟုတ်၊ သို့ဖြစ်သောကြောင့် ဖန်ဆင်းရှင်အယူဝါဒမှာ
ရှိသောအစ အဆုံးကဲ့သို့ အစအဆုံးမျိုးမရှိနိုင်။
    ကြက်တစ်ကောင်ဖြစ်လာအောင် စတင်အကြောင်းပြုပေးသောအရာသည်
လူပြိန်းတွေး တွေးလျှင် ကြက်မဖြစ်သည်ဟု ဆိုကြမည်။ အမှန်မှာ ကြက်၏အစသည်
ကြက်မ မဟုတ်၊စတင်ဖြစ်ပေါ်ရာနေရာဌာနတော့ဟုတ်သည်။ မိခင်ကြက်မသည် ကြက်
ဥ၊ကြက်သားပေါက် ဖြစ်ပေါ်လာအောင် စတင်အကြောင်းခံပြုလုပ်ပေးသူမဟုတ်ချေ။
ကြက်ဖခင်ကလည်းစတင်အကြောင်းပြုလုပ်ပေးသူမဟုတ်ချေ၊
    Amoeba ပိုးများသည် အထီး၊အမ ဟူ၍မရှိ၊မူလ ပိုးကောင်၏ ကိုယ်မှ အစိတ်
အပိုင်းတစ်ခုပြတ်ထွက်သွားကာ နောက်ထပ် Amoeba တစ်ကောင်ဖြစ်လာရခြင်းဖြစ်
သည်။မိခင် ဘခင် မလိုပါ၊ တစ္ဆေ ၊ သရဲ ဟု အရပ်ခေါ် ခေါ်ကြသော ပြိတ္တာများသည်
လည်း အချို့လူများသေပြီးသည်နှင့်တပြိုင်နက် မိခင် ဘခင်မပါဘဲ ရုတ်တရက် ပြိတ္တာ
ဖြစ်သွားကြ၏။
    ထို့ကြောင့် အထီး အမ တို့၏ပေါင်းဆုံမှု (Parental Sexual Union)သည်
လူ၊သတ္တ၀ါများဖြစ်ပေါ်ရေးအတွက် အဓိက အကြောင်းရင်းမဟုတ်ကြောင်း၊အကူအပံ့
သဘောမျှသာဖြစ်ကြောင်း သိသာပေသည်။
    ယခုခေတ် မျိုးဗီဇပညာအရ လူကိုပင်လျှင် Stem Cell ကိုအသုံးပြု၍ ဓာတ်
ခွဲခန်း၌ ထုတ်လုပ်နိုင်နေပြီဖြစ်သည်။ဘုရားသခင်ဖန်ဆင်းခြင်းတော့မဟုတ်ပါ၊သိပ္ပံပညာ
ရှင်များကထုတ်လုပ်ခြင်းသာဖြစ်ပါသည်။သို့ရာတွင် ဗုဒ္ဓ၀ါဒ ကျမ်းဂန်များ၌လာရှိသော
'သံသေဒဇ' ပဋိသန္ဓေ နေနည်းနှင့်ကား ကိုက်ညီနေပေ၏။
    သိပ္ပံပညာရှင်များအနေနှင့် လူ ၊ သတ္တ၀ါ များကို လုပ်ယူ၍ရနိုင်သော်လည်း
ထိုလူ၌ မည်သည့်အထုံဝါသနာ ပါစေချင်သည် ၊ မည်သည့် အရည်အချင်းရှိစေချင်သည်
မည်သည့်စိတ်ဓါတ်မျိုးရှိစေချင်သည်ဆို၍ မရနိုင်ကြပေ ။ ရုပ်တရားဆိုင်ရာဖက်မှာသာ
သိပ္ပံပညာရှင်များနိုင်နင်းကြသည်။နာမ်တရားရေးရာဖက်၌ သူတို့မတတ်နိုင်ကြပေ ။
၅ နှစ်သမီးလေးတစ်ယောက်က အကပညာကို လုံးဝမသင်ယူရသေးပါဘဲ အခြားသူများ
က သည်ကိုကြည့်ရရုံမျှဖြင့် တကယ့်မင်းသမီးကြီးများ က သကဲ့သို့ စည်းကိုက် ၀ါးကိုက်
က တတ်သည်ကို မည်သို့ဆိုမည်နည်း ၊ ၅ နှစ်သား ကလေးငယ်တစ်ယောက် စန္ဒယား
တီးနည်းကို သာမန်မျှ ကြည့်ရှုလေ့လာရုံနှင့် ကျွမ်းကျင်စွာတီးနိုင်သည်ကိုမည်သို့ဆိုမည်
နည်း ၊ တောင်ကိုရီးယားနိုင်ငံမှ ၁၀ နှစ်အရွယ် ယောင်္ကျားလေးတစ်ယောက်သည် တက္က
သိုလ်ပညာကို သင်ယူခဲ့သည်ကိုမည်သို့ဆိုမည်နည်း ၊
    ဤဖြစ်ရပ်များသည် သဘာဝနယ်လွန်ဖြစ်ရပ်များတော့မဟုတ်ပါ၊သဘာဝနယ်
အတွင်းမှာသာဖြစ်သည်။သို့သော် ပညတ်နယ်လွန်ဖြစ်ရပ်များအနေနှင့်တော့မှန်ပါသည်။
ဘ၀ဟောင်း၌ အဖန်ဖန် အထပ်ထပ်ပြုလုပ်လေ့ကျင့်မှု(အာသေ၀နပစ္စယော)ကြောင့်
မနောဘ၀င်စိတ်ထဲ စွဲထုံနေခဲ့သော အစွဲအလန်းများ၊အထုံဝါသနာများ၊အကျင့်စရိုက်များ၊
ကိလေသာများသည် အတိတ်ဘ၀က အကြောင်း ကမ္မ၀ဋ်(သင်္ခါရ)များဖြစ်သည်။ထိုသင်္ခါ
ရများကိုအကြောင်းပြု၍ ပစ္စုပ္ပန်ဘ၀ အကျိုး ၀ိပါက၀ဋ် ' ၀ိညာဏ် ၊ နာမ်ရုပ် ' စသည်တို့
ဖြစ်ပေါ်လာသောအခါ ဘ၀သစ်သို့ဆက်စပ်ပေးသောစိတ် (ပဋိသန္ဓေ၀ိညာဏ်)သည်
မနောဘ၀င်စိတ်အသစ် အဖြစ်ဖြင့် ဘ၀သစ်ကိုနိဒါန်းပျိုးပါတော့သည် ။ ၄င်း မနောဘ၀င်
စိတ်အသစ်သည် ဘ၀ဟောင်းက အစွဲအလန်း အထုံဝါသနာများ အကျင့်စရိုက်များ
ကိလေသာများကိုပါ ဘ၀သစ်အထိ သယ်ဆောင်လာသောကြောင့် အတိတ်ဘ၀က အ
တတ်ပညာများ ဘ၀သစ်အထိပါလာခြင်းဖြစ်သည်။
    ကောင်းသည့်ဖက်ကဖြစ်စေ၊ဆိုးသည့်ဖက်ကဖြစ်စေ ထိုအထုံဝါသနာ ၊ ပါရမီ ၊
ကိလေသာတို့ကို ဖန်ဆင်းရှင်က ဖန်ဆင်းပေး၍ မရနိုင် ၊ ရနိုင်လျှင် လူ ၊ သတ္တ၀ါတိုင်း
သည် စက်ရုံကထုတ်လုပ်သော ကုန်ပစ္စည်းများကဲ့သို့ အတူတူဖြစ်နေကြလိမ့်မည်။ဝါသ
နာချင်း ၊ရုပ်ရည်ချင်း ၊ပညာချင်း ၊စိတ်ဓါတ်ချင်း အတူတူရှိနေကြလိမ့်မည် ။ မတူအောင်
ဖန်ဆင်းထားပါသည်ဆိုပြန်လျှင်လည်း မျက်နှာလိုက်ရာကျပါလိမ့်မည် ။ထို့ကြောင့် ဖန်
ဆင်းရှင်၏အခန်းကဏ္ဍကြားဝင်စွက်ဖက်၍မရနိုင်ပေ ။
    ကောင်းသောအကြောင်း ( ကံ ) ကိုဖန်တီးခဲ့ကြသူများသည် ကောင်းသော
အကျိုး( ဘ၀-ခန္ဓာ )ရလာကြ၏။ ဆိုးသောအကြောင်း ( ကံ ) ကိုဖန်တီးခဲ့ကြသူများသည်
ဆိုးသောအကျိုး( ဘ၀-ခန္ဓာ ) ရလာကြ၏။ ကောင်းသောအကျိုး (ဘ၀-ခန္ဓာ)ဖြစ်စေ ၊
ဆိုးသောအကျိုး (ဘ၀-ခန္ဓာ )ဖြစ်စေ ၊ အို ၊ နာ ၊ သေ ဘေးသုံးပါးမှ မလွတ်သောကြောင့်
သုခသစ္စာမဟုတ် ၊ ဒုက္ခသစ္စာသာဖြစ်၏ ။ ထို့ကြောင့် အကြောင်း(သမုဒယ)နှင့် အကျိုး
(ဒုက္ခ)တို့ စက်ဝိုင်းပုံစံဖြင့် ဖြစ်စဉ်သဘော ဖြစ်ပျက်နေသည်ကို ပဋိစ္စသမုပ္ပါဒ် လည်သည်
ဟုလည်းကောင်း ၊သံသရာလည်သည်ဟုလည်းကောင်း ဆိုရသည် ။
    ၃၁ ဘုံ၌ လူ ၊နတ် ၊ဗြဟ္မာ ၊သတ္တ၀ါအဖြစ်ဖြင့် လှည့်လည်သည်ဆိုသောစကား
မှာ အကောင်အထည်၊ဒြဗ်၊သဏ္ဍာန်၊အသွင်အပြင်ဖြင့် ပြောဆိုကြရသော သမ္မုတိပညတ်
အနေနှင့် ဆိုခြင်းသာဖြစ်သည်။ အမှန်မှာ ပရမတ်တရားများဖြစ်သော  အ ၀ိဇ္ဇာ၊ သင်္ခါရ၊
ဝိညာဏ်၊နာမ်ရုပ်၊သဠာယတန၊ဖဿ၊ဝေဒနာ၊ဥပါဒါန်၊ကမ္မဘ၀၊ဇာတိ၊ဇရာမရဏ တို့၏
ကွင်းဆက်လည်ခြင်းဟုသာဆိုရသည်။ တစ်နည်း- အကြောင်းမှအကျိုး ၊ အကျိုးမှအ
ကြောင်း ဆက်၍သွားနေသော ဖြစ်စဉ်သာဖြစ်၏ ။ တစ်နည်း- သမုဒယသစ္စာမှဒုက္ခသစ္စာ၊
ဒုက္ခသစ္စာမှသမုဒယသစ္စာ ဆက်၍သွားနေသောဖြစ်စဉ်ဖြစ်၏။တစ်နည်း-ကိလေသ၀ဋ် ၊
ကမ္မ၀ဋ်တို့မှဝိပါက၀ဋ် ၊ ၀ိပါက၀ဋ်မှ ကိလေသ၀ဋ်,ကမ္မ၀ဋ်တို့ဆက်၍သွားနေသောဖြစ်
စဉ်ဖြစ်၏ ။
    ဖန်ဆင်းရှင်ဝါဒအမြင်တွင် သဘောမျှဖြစ်သော ပရမတ္တတရားများကို မြင်နိုင်၊
သိနိုင်စွမ်းမရှိ၊ပညတ် အတုံး အခဲမျှကိုသာ Linear Dimension အမြင်ဖြင့်သာပြောဆိုနိုင်
ကြ၏၊ပရမတ်သဘောတရားကို မြတ်ဗုဒ္ဓက လွန်ခဲ့သောနှစ်ပေါင်း ၂၆၀၀ ခန့်ကပင် ဟော
ဖေါ် မြွက်ကြားတော်မူထားခဲ့သော်လည်း မကြာသေးမီနှစ်များမှသာ သိပ္ပံပညာရှင်တို့က
ရုပ် သည် အမှန်စင်စစ် စွမ်းအားပင်ဖြစ်တော့သည်ဟု သိလာကြခြင်းဖြစ်သည်။
    သိပ္ပံပညာ၏တိုးတက်မှုသည် မြတ်ဗုဒ္ဓ၏တရားတော်များအား ဦးခိုက်လျှက်
ရှိနေသောအချိန်တွင် ဖန်ဆင်းရှင်မှာ သိပ္ပံပညာနယ်ပယ်တွင်ရပ်တည်ရာမရတော့ပြီ
ဖြစ်ပေသတည်း ။
    ဦးဥဂ္ဂသေန ( မျှော်တော်တောင်ကျောင်း ) မှ သင့်လျှော်သလို ကောက်နှုတ်
ဖေါ်ပြပါသည်။ မိတ်ဆွေအပေါင်း ဓမ္မအမြင်ကြည်လင်ကာ ကိုယ်စိတ်နှစ်ဖြာရွှင်လန်းကြ
ပါစေ ။

No comments:

Post a Comment