Friday, October 12, 2012

              " သမ္မာဒိဋ္ဌိလူမျိုး " မှ  " ဗုဒ္ဓဘာသာလူမျိုး " ဖြစ်သွားရပုံ
    မြတ်စွာဘုရား ပရိနိဗ္ဗာန်စံတော်မူပြီးနောက် သာသနာနှစ် ၂၃၅-ခုနှစ်သို့အရောက် မဇ္ဈိမ
ဒေသမှ သောဏထေရ်နှင့် ဥတ္တရထေရ် အမှုးပြုသော မထေရ် ငါးပါးတို့သည် ဗုဒ္ဓသာသနာတော်ကို
မြန်မာနိုင်ငံအောက်ပိုင်း သုဝဏ္ဏဘူမိ သထုံပြည်သို့ စတင်ယူဆောင်တော်မူခဲ့ကြလေသည် ။
    သာသနာနှစ် ၁၆၀၁-ခုနှစ်သို့အရောက်တွင် ရှင်အရဟံမထေရ်မြတ်သည် သထုံပြည်မှ ဗုဒ္ဓ
သာသနာတော်ကို မြန်မာနိုင်ငံအထက်ပိုင်း အရိမဒ္ဒန ပုဂံပြည်သို့ စတင်ဆောင်ယူတော်မူခဲ့လေသည် ။
    ပုဂံပြည့်ရှင် အနော်ရထာမင်းနှင့်တကွ တိုင်းသူပြည်သား လူထုအများတို့သည် သမ္မာဒိဋ္ဌိ
အယူဖြစ်သော ဗုဒ္ဓသာသနာတော်ကို သက်ဝင်ယုံကြည်ကြလေသည် ။
    မှန်နန်းရာဇ၀င် ဘုရင့်နောင်အခန်း၌ " အပြည်ပြည်ထောင်သော မိစ္ဆာဒိဋ္ဌိတို့ကို သမ္မာဒိဋ္ဌိ
ဖြစ်အောင် ဆုံးမလေ့ရှိသော သာသနာ့ဒါယကာမင်း " ဟူ၍၎င်း ၊" မိစ္ဆာအယူမှသည် သမ္မာဒိဋ္ဌိကြီး
ဖြစ်စေ၍ ပရိယတ္တိ ပဋိပတ္တိ သာသနာတော်ကိုတည်စေသည် " ဟူ၍၎င်း ရေးသားခဲ့လေသည် ။
    ၎င်းရာဇ၀င်များအရဆိုလျှင် မြန်မာနိုင်ငံအောက်ပိုင်း၌ သာသနာနှစ် ၂၃၅-ခုနှစ်ကစ၍
သာသနာထွန်းလင်းခဲ့ကြောင်း ၊ မြန်မာနိုင်ငံအထက်ပိုင်း၌ သာသနာနှစ် ၁၆၀၁-ခုနှစ်ကစ၍ သာသနာ
ထွန်းလင်းခဲ့ကြောင်း ၊ သာသနာကိုသက်ဝင်ယုံကြည်ကြသော မြန်မာတိုင်းဘွား လူမျိုးအားလုံးကို
လည်း " သမ္မာဒိဋ္ဌိလူမျိုး "ဟူ၍ခေါ်ဝေါ်ကြကြောင်း ထင်ရှားခဲ့လေသည် ။
    သမ္မာဒိဋ္ဌိလူမျိုးဟူ၍ခေါ်ဝေါ်ကြခြင်း၏အကြောင်းရင်းမှာ မြတ်ဘုရား၏ သာသနာတော်ကို
သက်ဝင်ယုံကြည်ကြကုန်သောသူတို့သည် "သမ္မာဒိဋ္ဌိအကျင့်"ကိုကျင့်ကြသူများဖြစ်ကြသောကြောင့်
ဖြစ်ပေသည် ။
    သမ္မာဒိဋ္ဌိအကျင့်ဟူသည် သရဏဂုမ်ဆောက်တည်ခြင်းဖြင့်ဥပသကာ ဥပသိကာမအဖြစ်ကို
ခံယူကြ၍ ငါးပါးသီလကို ခါးဝတ်ပုဆိုးကဲ့သို့မြဲစွဲကြကာ မဂ် ဖိုလ် နိဗ္ဗာန် ရကြောင်း သမ္မာဒိဋ္ဌိရှေ့သွားရှိ
သော မဂ္ဂင်ရှစ်ပါးကို ကျင့်သောအကျင့်ပင်ဖြစ်သည် ။
    မြန်မာရာဇ၀င်များကိုလေ့လာသောအခါအင်းဝခေတ်အစပိုင်းလောက်ကစ၍ နိုင်ငံခြားသား
များဖြစ်ကြသော ပြင်သစ်၊ပေါ်တူဂီ၊အင်္ဂလိပ်၊ဒပ်ခ်ျ၊အိန္ဒိယ စသောလူမျိုးများသည် ကုန်သည်အဖြစ်ဖြင့်
၎င်း၊မင်းမှုထမ်းအဖြစ်ဖြင့်၎င်း မြန်မာနိုင်ငံသို့ဝင်ရောက်နေထိုင်ကြကြောင်း သိရလေသည် ။
    ၎င်းနိုင်ငံခြားသားတို့အား မြန်မာလူမျိုးတို့က ကုလားဖြူ၊ကုလားမဲ၊ဟူ၍၎င်း၊သိုးဆောင်းလူ
မျိုးတို့ဟူ၍၎င်း ခေါ်ကြလေသည်။၎င်းတို့နှင့်ပါလာသော အယူဝါဒတို့မှာလည်း မြန်မာလူမျိုးတို့ယူကြ
သောသမ္မာဒိဋ္ဌိအယူနှင့် ဖြောင့်ဖြောင့်ကြီးဆန့်ကျင်ကြ၍ "ဤဘ၀မှသေလွန်လျှင် ဘ၀ဇာတ်ပြတ်ခြင်း
အယူဝါဒရှင်ဘုရားတို့၏အမိန့်ကိုနာခံခြင်းလျှင်အဆုံးသတ်ကြလေသည်"
    သို့ဖြစ်သောကြောင့်လည်း ရှေး ပဝေနီမှစ၍ သမ္မာဒိဋ္ဌိအယူရှိကြသူ မြန်မာလူမျိုးတို့က
၎င်းနိုင်ငံခြားသားလူမျိုးတို့အား ဗျတိရေက နည်းအားဖြင့်"မိစ္ဆာဒိဋ္ဌိလူမျိုး"ဟူ၍ ခေါ်ဝေါ်ခဲ့ကြလေသည်။
    ၎င်းနိုင်ငံခြားသားတို့နောက်မှလည်း နိုင်ငံခြားသာသနာပြုဘုန်းကြီးများ မြန်မာပြည်တွင်းသို့
လိုက်ပါလာကြသည်ဟု ဆိုလေသည်။ နိုင်ငံခြားသာသနာပြုပုဂ္ဂိုလ်တို့အနက် အထင်ရှားဆုံးသော
ပုဂ္ဂိုလ်မှာ ဒေါက်တာဂျဒ်ဆင်ဖြစ်၍ ၎င်းပုဂ္ဂိုလ်သည် ခရစ်နှစ် ၁၈၁၃-ခုနှစ်ကမြန်မာနိုင်ငံသို့ရောက်လာ
သည်ဟုသိရသည်။
    အမရပူရခေတ် ဘိုးတော်မင်းတရားလက်ထက်သို့ရောက်လာသောအခါ ဒေါက်တာဂျဒ်ဆင်
စသော သာသနာပြုပုဂ္ဂိုလ်တို့သည် မြန်မာတို့က ၎င်းတို့အား " မိစ္ဆာဒိဋ္ဌိလူမျိုး " ဟူ၍ ခေါ်ဝေါ်နေသည်
ကို ပပျောက်စေရန် ၎င်းတို့သည်ခရစ်ယာန်ဘာသာကိုသက်ဝင်ယုံကြည်သည့် " ခရစ်ယာန်ဘာသာလူ
မျိုး "ဟူ၍၎င်း၊သမ္မာဒိဋ္ဌိလူမျိုးဟူ၍၀င့်ကြွားခဲ့သော မြန်မာလူမျိုးတို့အားလည်း ဗုဒ္ဓဘာသာကိုသက်ဝင်
ယုံကြည်ကြသည့် " ဗုဒ္ဓဘာသာလူမျိုး " ဟူ၍၎င်း ကင်ပွန်းတပ်ခဲ့ကြလေသည် ။
    ၁၃၀၇-ခုနှစ်က ပုံနှိပ်ခဲ့သော ဦးခင်အမည်ရှိပုဂ္ဂိုလ် ပြုစုသည့် "ဗုဒ္ဓဘာသာဆိုတာဘာလဲ "
စာအုပ်၌ အငြိမ်းစားအရေးပိုင်မင်း ဦးဘိုးစ ရေးသည့် စာအုပ်ဝေဖန်ချက်အခန်း၌ " ဗုဒ္ဓဘာသာဟူ
သောစကားသည် ဘိုးတော်မင်းတရားလက်ထက်လောက်ကစ၍ လူတို့ဝေါဟာရသုံးစွဲခဲ့သောစကား
ဖြစ်သည်၊၎င်းစကားကိုမသုံးစွဲမီ ဗုဒ္ဓဘာသာတရားကို သမ္မာဒိဋ္ဌိတရားဟုခေါ်ဝေါ်သုံးစွဲကြ၏ " ဟူ၍
တွေ့ရလေသည် ။
    ဗုဒ္ဓဘာသာဟူသော အသုံးအနှုန်းသည် ပိဋကတ်စာပေတို့၌၎င်း၊ရှေးသာသနာဝင် ရာဇ၀င်
တို့၌၎င်း မတွေ့ရချေ ။နိုင်ငံခြားသာသနာပြုတို့ မြန်မာပြည်တွင်းသို့ရောက်လာကာမှသာ နိုင်ငံခြားသာ
သနာပြုတို့က ခေါ်ဝေါ်ကြသဖြင့် ဖြစ်ပေါ်လာသော စကားခွန်းဖြစ်ကြောင်းသိရလေသည် ။
    သက္ကရာဇ် ၁၂၄၇-ခုနှစ် မှသည်ဘက် မြန်မာမင်းတို့မရှိသည့်နောက်အင်္ဂလိပ်တို့အုပ်စိုး
သောအခါ ခရစ်ယာန်သာသနာပြုတို့ လွတ်လပ်စွာ သာသနာပြုနိုင်သည့်အချိန်မှစ၍ ဗုဒ္ဓဘာသာ ဟူ
သောစကားသည် တစတစ တွင်ကျယ်လာကြောင်းသိရလေသည် ။
    ခရစ်ယာန်သာသနာပြုတို့သည် မြန်မာလူမျိုးတို့အား အသက်မွေးဝမ်းကျောင်းပညာကိုပေး
ခြင်းဖြင့် ၎င်း၊မဟာမေဒင်(အစ္စလာမ်)သာသနာပြုတို့သည် မြန်မာအမျိုးသမီးတို့နှင့်လက်ထပ်ခြင်းအား
ဖြင့် သာသနာပြုကြလေသည် ။
    ၎င်းသာသနာပြုတို့၏ စက်ကွင်းသို့တစ်နည်းနည်းနှင့် ၀င်မိကြသည့်သူတို့ကအစပြု၍
" သမ္မာဒိဋ္ဌိ" အစား "ဗုဒ္ဓဘာသာ " ဟု စတင်ခေါ်ဝေါ်ကြကြောင်း သိရလေသည် ။ယနေ့ဆိုလျှင်ဘာ
သာခြားတို့သာမကတော့ဘဲ သာသနာ့ဝန်ထမ်း ရဟန်းတော်တို့သည်ပင်လျှင် သုံးစွဲခေါ်ဝေါ်ရသည့်
အခြေသို့ရောက်နေလေတော့သည် ။
(မဟာစည် ဆရာတော်ဘုရားကြီး ၏ ဘ၀ပြဿနာ စာအုပ်မှ မင်္ဂလာဦးအောင်မြင့် ၏ နိဒါန်း/အကြောင်းရင်း မှ ထုတ်နှုတ် ဖေါ်ပြပါသည် ။ )

No comments:

Post a Comment